Thursday, November 17, 2016

သစ္စာစကား

"သစ္စာစကား"

         အချို့အရာ၌ အမှန်အတိုင်းဆိုသောစကား
ကို သစ္စာဟုဆို၏။ထိုသစ္စာကား ဝစီသစ္စာတည်း။
မမှန်စကား မုသားပြောဆိုမှုမှ ရှောင်ကြဉ်ခြင်းကို
လည်း သစ္စာပင်ဆို၏။ထိုသစ္စာကား ဝိရတိသစ္စာ
တည်း။
           
            ဒုက္ခ သမုဒယ နိရောဓ မဂ္ဂ ဤလေးပါးကို
လည်း မှန်ကန်သောသဘာဝများဖြစ်၍ သစ္စာပင်
ဆိုရသည်။ အရိယသစ္စာတည်း။ထိုတွင် တကယ်
ထင်ရှားရှိ၍ မပျက်စီးတတ် ကောင်းမြတ်သောသ
ဘောဖြစ်သောကြောင့် နိဗ္ဗာန်ကို ပရမတ္ထသစ္စာဟု
ဆိုရပြန်သည်။

             အမှန်မဟုတ်သော်လည်း မိမိကအမှန်
ဟု စွဲချက်အရသစ္စာဆိုသော ဒိဋ္ဌိသစ္စာဟု ရှိခဲ့ပြန်
သည်။ ဤသစ္စာတို့တွင် "ဧတေန သစ္စေန"အရ
သစ္စာကား ဝစီသစ္စာပင်တည်း။ ဝစီသစ္စာစကား
အဖြစ်အပျက်အမှန်ကို အမှန်အတိုင်းပြောဆို၍
သဘာဝတစ်မျိုးပင်ဖြစ်၏။

             ထိုသဘာဝဓမ္မကား အဆိပ်ကိုပပျောက်
စေနိုင်ခြင်း မီးကိုငြိမ်းစေနိုင်ခြင်း မိုးကိုရွာစေနိုင်
ခြင်း ကောင်းကင်၌ တည်စေနိုင်ခြင်းစသော
အံ့ဖွယ်အမျိုးမျိုးကို ဖြစ်စေနိုင်သော အစွမ်းသတ္တိ
ရှိ၏။

              အလောင်းတော် သုဝဏ္ဏသာမ မြားမှန်
၍ မြားဆိပ်အရှိန်ဖြင့် တွေဝေမိန်းမောနေသော
အခါ "ဤသုဝဏ္ဏသာမသည် တရားကျင့်သူ မြတ်
သောအကျင့်ကိုကျင့်သူ မှန်သောစကားပြောဆို
သူ မိဘကိုလုပ်ကျွေးသူ အမျိုး၌ကြီးသောသူတို့
အား ရိုသေတတ်သူဖြစ်ကြောင်း သုဝဏ္ဏသာမကို
မိမိအသက်ထက်ပိုမိုချစ်မြတ်နိုးကြောင်း ထိုသစ္စာ
အရ အဆိပ်လျော့ကျပါစေ"ဟု မိဘနှစ်ပါးသစ္စာ
ပြုခဲ့သည်။
                
             နတ်သမီးကလည်း "ဤသုဝဏ္ဏသာမကို
မိမိအသက်ထက်ချစ်မြတ်နိုးကြောင်း ဤဂန္ဓမာ
ဒန တောင်၌ သစ်ပင်မှန်သမျှ မွှေးနံ့ရှိကြသည်
ချည်းဖြစ်ကြောင်း ဤသစ္စာအရ အဆိပ်လျော့ကျ
ပါစေ" ဟု သစ္စာပြုခဲ့၏။ထိုသစ္စာများတန်ခိုး
ကြောင့် အဆိပ်ပြေကာ မြားဒဏ်ရာအနာပင်
မထင်ပဲ ပကတိအတိုင်း ကျန်းမာချမ်းသာ ခဲ့ရ၏။

                သစ္စာသည် သဘာဝဓမ္မပင်ဖြစ်သော
ကြောင့် အမှန်ကိုဆိုခြင်းသာပဓာနဖြစ်၍ ကောင်း
သောအရာ အချက်အလက်ကိုဆိုမှ မဟုတ်ပဲ အ
ဖြစ်အပျက်အမှန်ဖြစ်ပါက မကောင်းသောအရာ
ကိုပင် ဆိုသော်လည်း တန်ခိုးအစွမ်းရှိကြောင်း
မြတ်ဗုဒ္ဓဘုရားရှင်မှ သာဓကများဖြင့် ဟောပြ
တော်မူခဲ့ရာ ဤ၌ မြတ်ဘုရား၏ ဂုဏ်တော်များ
မှာ စင်စစ်ဧကန်မှန်သော အချက်များဖြစ်ရ၍
ထိုအချက်များဖြင့်သစ္စာပြုခြင်းမှာ အန္တရာယ်ကင်း
၍ ချမ်းသာခြင်းအကျိုးကို ပြီးစေပဲမရှိနိုင်ပါ
ကြောင်း ရေးသားပူဇော်အပ်ပါသတည်း။

                                ရွှင်လန်းချမ်းမြေ့ပါစေ
                                  ပါရမီစခန်း ပညာလမ်း

No comments:

Post a Comment