စေတီလေးမျိုး
════════
ဆရာတော်ဘုရား
လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါတို့ အမြတ်တနိုး ကိုးကွယ် ပူဇော်ရာ ဌာနဖြစ်သော စေတီကို အချို့စာများတွင် ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီ ဟူ၍ လေးမျိုး လာရှိပါသည်။ အချို့ စာတွင် အထက်ပါ လေးမျိုးအပြင် ပါဒစေတီဟူ၍ ငါးမျိုး ဖော်ပြထားသည်ကို တွေ့ရပါသည်။ မည်သည်က မှန်ကန်ကြောင်း ဖြေကြားပေးတော် မူပါဘုရား။
ခင်ဇော်လွင်၊ ပန်းတောင်း။
•••••••••••••••••••••••••••••••••••••••••••••••••••••••••
စေတီကို ကာလိင်္ဂဗောဓိဇာတ်တွင် ဥဒ္ဒိဿစေတီ၊
သာရီရိကစေတီ၊ ပရိဘောဂစေတီ ဟူ၍ သုံးမျိုးစတင် ဟောကြားခဲ့ပါသည်။
သာရီရိကစေတီမှာ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပြီး ကိုယ်တော်မှာ ဖြစ်သော ဓာတ်တော်မွေတော်များ ဖြစ်၍ ယင်းတို့ကို ဌာပနာပြီး ဓာတုစေတီတော် အဖြစ် ပူဇော် ကိုးကွယ်ကြသည်။
တရားဓမ္မက္ခန်များကို ဓမ္မစေတီဟု ခေါ်သည်။
ဘုရား၏ ပုံတော်ကို ရည်မှန်းခြင်း ၊ ပုံတော် ထုလုပ် ကိုးကွယ်ခြင်းကို ဥဒ္ဒိဿစေတီဟု ခေါ်သည်။
သပိတ်တော်၊ တောင်ဝှေးတော်၊ ရေသနုပ်တော် စသည်များနှင့် ဗောဓိညောင်ပင်စသော အသုံးအဆောင် တော်များကို ပရိဘောဂစေတီဟု ခေါ်ပါသည်။
ကာလိင်္ဂဗောဓိဇာတ်တွင် သုံးမျိုးသာ လာရှိသော်လည်း နောင်တွင် လေးမျိုး ပူဇော် ခဲ့ကြပါသည်။
ထို့နောက်တွင် ပူဇော်စရာအနေဖြင့် မြတ်စွာဘုရားက ထင်ရှား ပြတော်မူသော စက်လက္ခဏာတော် အပြည့်အစုံနှင့် ခြေတော်ရာကို ကိုးကွယ်ရာ တစ်ပါးပြု၍ ပါဒစေတီဟု ထင်ရှားလာပါသည်။
ထိုခြေတော်ရာကို အကြောင်းပြု၍ မာဂဏ္ဍီယပုဏ္ဏားကြီး ဇနီးမောင်နှံ၊ သစ္စဗန္ဓထေရ် စသည်တို့ ရဟန္တာ ဖြစ်ကြသဖြင့် ပါဒစေတီမှာလည်း ကိုးကွယ်ရာ ဖြစ်ပေါ် လာခဲ့ပါသည်။
ထို့ကြောင့် စေတီသုံးပါး၊ လေးပါး၊ ငါးပါး အရာဌာန အားလျော်စွာ မှန်ကန်ပါကြောင်း ဖြေကြားလိုက်ပါသည်။
ရဝေထွန်း (ဆရာတော်ဦးတိလောကသာရ )
ဘာသာရေးပြဿနာများ
Credit to >> ဓမ္မ Page
═══════════════════════
မေတ္တာဖြင့် ဓမ္မစကူးလ်ဆုံရာ
copy
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment