Thursday, November 17, 2016

စွမ်းနိုင်သောသူ

"စွမ်းနိုင်သောသူ"

        လောက၌ အကျိုးဖြစ်ထွန်းလိမ့်မည်ဟု ယုံ
ကြည်ချက်မရှိသူ မကျန်းမာသူ ပျင်းသူ ဥာဏ်မရှိ
သူများကား ဥာဏ်ဖြင့် လုပ်ရမည့်အလုပ်မျိုးကို
လုပ်လိမ့်မည်မဟုတ် လုပ်သော်လည်းဖြစ်မြောက်
အောင် ပြုစွမ်းနိုင်မည်မဟုတ်။
          ယုံကြည်ချက်ရှိသူ ကျန်းမာသူ ဝီရိယရှိသူ
ဥာဏ်ရှိသူများသာ ထိုအလုပ်မျိုးကို ဖြစ်မြောက်
အောင်လုပ်နိုင်ကြသည်။
            ဗောဓိမင်းသားက"အရှင်ဘုရား ဘုရား
မြတ်ဟူသောဆုံးမနည်းညွန်မည့်ပုဂ္ဂိုလ်ကို
ရသော ရဟန်းသည် ဘယ်လောက်ကြာမှ အရဟ
တ္တဖိုလ်ကို ရပါသနည်း" ဟုလျောက်သော် "မင်း
သား ဤအရေး၌ သင့်ကိုပင်မေးရဦးမည် သင်
ဆင်စီးချွန်းကိုင်သောအတတ်ကို တတ်သလော
ဟု မေးတော်မူရာ တတ်ပါကြောင်းလျောက်၏။
လူတစ်ယောက်သည် သင့်ထံ ၎င်းအတတ်ကို
သင်မည်ဟုလာ၏ ထိုသူကား ယုံကြည်မှုလည်း
မရှိ ကျန်းလည်းမကျန်းမာ ကောက်ကျစ်လှည့်
ဖြားတတ်သူလည်းဖြစ်၏ ပျင်းလည်းပျင်း၏ ဥာဏ်
လည်းမရှိ ထိုသူဖြစ်မြောက်အောင် သင်နိုင်ပါ
မည်လော"ဟုမေးတော်မူ၏။
               "ဤငါးပါးအနက် တစ်ပါးပါနှင့် ကပ်ညိ
နေလျှင် သင်နိုင်မည်မဟုတ်ပါ ငါးပါးလုံးအပြစ်ရှိ
နေသူမှာ ဆိုဖွယ်ရာ မရှိတော့ပါဟု လျောက်၏။"
               "  တစ်ယောက်သောသူကား ယုံကြည်
ချက်ရှိသူ ကျန်းမာသူ ဖြောင့်မတ်သူ မပျင်းမရိ
ကြိုးစားတတ်သူ ဥာဏ်ရှိသူလည်းဖြစ်၏။ထိုသူ
ကား သင်ကြားတတ်မြောက်နိုင်ပါမည်လောဟု
မေးသော် ထိုသူမျိုးမှာ တစ်ခုခုသောအင်္ဂါနှင့်ပြည့်
စုံလျှင်ပင် သင်ကြားတတ်မြောက်နိုင်ပါ၏။ငါးပါး
လုံး ပြည့်စုံပါမူကား ဆိုဖွယ်ရာမရှိ တော့ပါဟု
လျောက်၏။"
              "ထိုအခါ မြတ်စွာဘုရားက မင်းသား ထို့
အတူပင် တရားအားထုတ်ကြောင်း အင်္ဂါများကား
ငါးပါးတို့တည်း ဘုရားရှင်၌ ယုံကြည်သောသဒ္ဓါရှိ
ခြင်း ကျန်းမာခြင်း မစဉ်းလဲ မလှည့်ဖြား မိမိအဖြစ်
မှန်ကိုတင်ပြတတ်ခြင်း အားထုတ်မှုရှိခြင်း ပညာရှိ
ခြင်း ဤငါးပါးတို့နှင့်ပြည့်စုံသော် တရားလျှင်မြန်
စွာရနိုင်၏ ဟုဟောတော်မူ၏။"

"ပဓာနိယင်္ဂတရားငါးပါး"

            ယုံကြည်သဒ္ဓါ ကျန်းမာခြင်းတွဲ စဉ်းလဲမပြု
အားထုတ်မှုပါ သိပညာ ပဓာနိယင်္ဂငါး။ဟု ဘုရား
ရှင်ဟောကြားတော်မူပါသတည်း။

                                     ရွှင်လန်းချမ်းမြေ့ပါစေ
                                      ပါရမီစခန်း ပညာလမ်း

No comments:

Post a Comment